ချဉ်ပေါင်ဖူးစားပေးရင် ဘယ်ရောဂါတွေ ကာကွယ်နိုင်မလဲ
ချဉ်ပေါင်ဖူးဆိုတာက နီနီရဲရဲ အဆင်းရှိတဲ့ ချဉ်ပေါင်ပင်ရဲ့ အဖူးလေးတွေပါ။ ဒီအဖူးလေးတွေက ချဉ်ပေါင်ရွက်လိုပဲ အချဉ်ဓာတ် ရှိသလို စားရတာလည်း ခံတွင်းမြိန်ပါတယ်။ ချဉ်ပေါင်ဖူးက စားရတာ အတော်လေး အရသာရှိသလို ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဘယ်လိုများ ကောင်းလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
ချဉ်ပေါင်ဖူး ဆိုရာဝယ်
ချဉ်ပေါင်ဖူးဆိုတာ ချဉ်ပေါင်ပင်ရဲ့ အဖူးပါ။ အနီရဲရဲလေးနဲ့ ချဉ်ပြုံးပြုံး အရသာရှိပါတယ်။ ကြော်စားလို့ရသလို ချဉ်ရည်ချက်စားလို့လည်း ရပါတယ်။ ယိုထိုးစားကြတာမျိုး ရှိသလို ရေနွေးကြမ်းထဲ ထည့်သောက်ကြတာလည်း ရှိပါတယ်။
ချဉ်ပေါင်ဖူးမှာ ဒါတွေ ပါပါတယ်
ချဉ်ပြုံးပြုံးနဲ့ ခံတွင်းမြိန်တဲ့ ချဉ်ပေါင်ဖူးမှာ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် အေ တို့ပါဝင်နေပါတယ်။
ချဉ်ပေါင်ဖူး နဲ့ ကျန်းမာရေး
ချဉ်ပေါင်ဖူးက ခံတွင်းတွေ့စေတာအပြင် ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။
- သွေးတိုး ကျစေတယ်
ချဉ်ပေါင်ဖူးမှာ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးသလို သွေးတိုးကျစေဖို့ လုပ်ဆောင်ပေးပါတယ်။
- သွေးချို ကျစေတယ်
ချဉ်ပေါင်ဖူးရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတာကြောင့် ဆီးချို ရှိသူတွေအနေနဲ့ သွေးချိုကျစေဖို့ စားပေးလို့ ရပါတယ်။
- သွေးတွင်းအဆီတွေကို ကျစေတယ်
အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ချဉ်ပေါင်ဖူးက သွေးထဲက မကောင်းတဲ့ အဆီတွေကို ကျဆင်းစေဖို့ ထောက်ကူပေးပါတယ်။ သွေးတွင်းအဆီ ကျဆင်းတာက နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။
- ကိုယ်ခံအား ကောင်းစေတယ်
ချဉ်ပေါင်ဖူးမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် စီ ပါဝင်နေတာက ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
- အသည်း ကျန်းမာစေတယ်
ချဉ်ပေါင်ဖူးမှာ အမျှင်ဓာတ် နဲ့ အင်ဒီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသည်းက အဆီတွေကို ဖယ်ရှားပေးပြီး အသည်းကျန်းမာစေဖို့ လုပ်ဆောင်ပေးမှာပါ။
- စိတ်ဓာတ်ကျတာကို သက်သာစေတယ်
ချဉ်ပေါင်ဖူးမှာ ဗီတာမင်တွေနဲ့ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် စိတ်ဓာတ်ကျတာကို သက်သာစေသလို စိတ်ဓာတ်ကျမှု ကင်းစေဖို့လည်း ထောက်ကူပေးပါသေးတယ်။
- အစာကြေစေတယ်
အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ်ရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းပျော့ပျော့ သွားစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်ချင်တယ်ဆိုရင် ချဉ်ပေါင်ဖူး စားပေးလို့ ရပါတယ်။
- ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးတယ်
ချဉ်ပေါင်ဖူးမှာ အင်ဒီအောက်ဆီးဒင့်တွေနဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကလည်း အူမကြီးကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစား အချို့ကို ကာကွယ်ပေးနိုင်ပါတယ်။
- ဝိတ်ကျစေတယ်
အာဟာရဓာတ်တွေ ကြွယ်ဝသလို အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ချဉ်ပေါင်ဖူးက အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
မွန်မွန်